လိပ်သိုဒေသထွက် သဘာ၀ပျားရည်များ စျေးကောင်းရရှိ

လိပ်သို ဧပြီ ၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ တောတောင်များမှ သစ်ပင်ကြီးများတွင် အုံဖွဲ့၍ စွဲကပ်လျက်ရှိသော ပျားကြီးများမှ ပျားရည်များကို ဖွတ်ယူရောင်းချရာတွင် စျေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

ပျားဖွတ်ရာတွင် ပျားကိုက်ခြင်းသက်သာစေရန် ရေနံဆီသုတ်လိမ်းထားသော မီးတုတ်များ အသုံးပြု၍လည်းကောင်း၊ ပျားအုံများအောက်တွင် မီးမွှေး၍ မီးခိုးကျပ်တိုက်ခြင်းဖြင့်လည်းကောင်း၊ ပျားများကိုမောင်းထုတ်ပြီး ပျားသလက်များကို ဖွတ်ယူရကြောင်း၊ ရရှိလာသော ပျားသလက်များမှ ပျားရည်များကို ထုတ်ယူရရှိကြောင်း ပျားဖွတ်သူတစ်ဦးထံမှ သိရသည်။

သဘာ၀ပျားရည်များသည် ဆေးဘက်ဝင်ခြင်း၊ အစားအသောက်နှင့် မုန့်များပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့် အာဟာရဓာတ်ကြွယ်၀ပြီး အရသာရှိခြင်းတို့ကြောင့် စားသုံးရန်နှင့် လက်ဆောင်ပေးရန်အတွက် ဝယ်ယူသူများပြားလျက်ရှိရာ ပျားရည်တစ်ပုလင်းကို (၁၅၀၀ဝိ/-) ကျပ် ရောင်းချရကြောင်း သိရသည်။

နော်ဖလောရင်း