တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကျင်းပ

ထားဝယ်   ဧပြီ  ၆

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ယနေ့နံနက်  ၁၀ နာရီ က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၂၀၊ ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ စုစုပေါင်း(၂၈)ဦးနှင့်လေ့လာသူ(၃)ဦး၊ မီဒီယာ(၃)ဦးတို့တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံးဝန်ထမ်း အကြီးအမှူးက ဆောင်ရွက်သည်။

အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော်နာယက က ပေးပို့ခဲ့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဖတ်ကြားခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသူက တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် အဖြစ်ခန့်အပ်တာဝန်ပေးအပ်ရန် ဦးဇော်နိုင်ဦး၊ မြိတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)အား အမည်စာရင်းပေးပို့လာမှုအပေါ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက်ရယူသည်။

ဆက်လက်၍နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသူက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၄၈၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁)အရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနစသည့် အစိုးရဝန်ကြီးဌာန(၈)ခု၊ အစိုးရဝန်ကြီးဦးရေ(၈)ဦး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်အပါအဝင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဦးရေ (၃)ဦး သတ်မှတ်ပေးနိုင်ရန်အဆိုပြုလာမှုအပေါ် လွှတ်တော်၏ အဆုံးဖြတ်ရယူခြင်းစသည့် လွှတ်တော်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်သည်။

ထို့နောက်တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် ပြီးစီးခဲ့ပြီး တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန်အစည်းအဝေး (တတိယနေ့) ကို ဧပြီ ၇ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)