ဘားအံ ဧပြီ ၆
ကရင်ပြည်နယ်အတွင်း စစ်တုရင်အားကစားပြိုင်ပွဲမှတဆင့် ပြည်နယ်ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်လာစေရေး၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် တည်ငြိမ်မှုလေ့ကျင့်ပေးရေး၊ အားကစားစိတ်ဓာတ်ဖြင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်ရေး၊ စစ်တုရင် ကစားခြင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရေးအတွက်ရည်ရွယ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စစ်တုရင်အားကစားပြိုင်ပွဲအား မတ်လ(၄)ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်ပြီး ကရင်ပြည်နယ် ဘားအံမြို့ ပြည်နယ်လူငယ်စင်တာ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစစ်တုရင်အားကစားပြိုင်ပွဲကို အသက်(၁၈)နှစ်အောက်နှင့် အသက်(၂၅)နှစ်အောက်ဖြင့် ပြိုင်ပွဲအား ပြုလုပ်ကျင်းပခဲ့ရာ ဆုရရှိသည့်ပြိုင်ပွဲဝင်အားကစားသမားများအား ဆုများပေးအပ်ချီးမြှင့် ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ဘားအံမြို့ ပြည်နယ်လူငယ်စင်တာ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က တက်ရောက် ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ပြည်နယ်စစ်တုရင်အားကစားပြိုင်ပွဲ၌ အသက်(၁၈)နှစ်အောက်တွင် စတုတ္ထဆု၊ တတိယဆု၊ ဒုတိယ ဆုနှင့် ပထမဆုရရှိသည့် အားကစားသမားများအား ပြည်နယ်စစ်တုရင်ဆပ်ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဥပဒေအရာရှိ ဦးကျော်သိန်းလွင်က ငွေသားဆုများပေးအပ်ချီးမြှင့်ပြီး အသက်(၂၅)နှစ်အောက်တွင် စတုတ္ထဆု၊ တတိယဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိသည့် အားကစားသမားများအား ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ငွေသားဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)