ပခုက္ကူ ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊ ယခုရက်ပိုင်းအတွင်း ကမ္ဘာ့အပူဆုံးဒေသစာရင်း၌ ပါဝင်လျက်ရှိပြီး ပခုက္ကူမြို့နယ်တွင်လည်း အပူချိန်မြင့်တက်လာမှုတို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် နွေရာသီကာလ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးရည်ရွယ်၍ အပူရှောင်စခန်း ၁ ခု ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။
ပခုက္ကူမြို့နယ်အတွင်း အပူချိန်မြင့်တက်လာမှုကြောင့် မိမိတို့နေအိမ်များ၌ နေထိုင်ရန်ခက်ခဲပြီး အပူဒဏ်ကာကွယ်နိုင်ရေး တိမ်းရှောင်ရန်လိုအပ်သူများ၊ သက်ကြီးရွယ်အိုဘိုးဘွားများ၊ ကျန်းမာရေးအားနည်းသူများအတွက် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၏ဦးဆောင်ကြီးကြပ်မှုဖြင့် ဧပြီလ ၃ ရက်မှစတင်ကာ ပခုက္ကူမြို့၊ အမှတ်(၁၄) ရပ်ကွက်ရှိ စနစ်သစ်ပုထိုးတိုက်တွင် လူဦးရေ(၂၅၀)ဦးဆံ့ အပူရှောင်စခန်း ဖွင့်လှစ်ဆောင်ရွက်ထားကြောင်း၊ အပူရှောင်လာရောက်သူများ အဆင်ပြေချောမွေ့စွာနားခိုနေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ အလှုူရှင်ပြည်သူများ စုပေါင်း၍ စခန်းအတွင်း သဲများခင်းခြင်း၊ ရေဖြန်းခြင်း၊ သောက်ရေသန့်များအား မြေအိုများဖြင့် စီစဉ်ချထားပေးခြင်း၊ နေ့လယ်စာနှင့် အာဟာရဖြည့် အချိုရည်များ ကျွေးမွေးခြင်း၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး၏ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ မော်တော်ယာဉ်များဖြင့် ကြို/ပို့ဆောင်ရွက်ပေးခြင်းများကို ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ပေးကြကြောင်း၊ အပူရှောင် လာရောက်နားခိုသည့် လူဦးရေ အနည်းအများပေါ်မူတည်ပြီး အမှတ်(၁)ရပ်ကွက်ရှိ ပြည်သာယာခန်းမတွင် လူဦးရေ (၁၀၀)ဆံ့ အပူရှောင်စခန်းနှင့် အမှတ်(၁၄) ရပ်ကွက်ရှိ ရွှေသိမ်တော် ဓမ္မရိပ်သာကျောင်းတိုက်တွင် လူဦးရေ (၁၀၀)ဆံ့ အပူရှောင်စခန်းများ အရန်သတ်မှတ်၍ ကြိုတင်စီမံ ဆောင်ရွက်ထားကြောင်း မြို့နယ်အပူရှောင်စခန်းကြီးကြပ်မှုကော်မတီထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)