ရွှေကျင် ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပျဉ်းမပင်ရပ်ကွက်၊ လေးထပ်ဘုန်းတော်ကြီးကျောင်းတွင် ဧပြီလ(၄)ရက်နေ့ ညနေ (၄)နာရီအချိန်က ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာများကို စူဠဘွဲ့နှင်းသဘင်စာအောင်ဆုများ ဆပ်ကပ်ချီးမြှင့်ပွဲနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည့် အခမ်းအနားကျင်းပခဲ့သည်။
စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူကာ ရေစက်ချအမျှပေးဝေခြင်း၊ ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာ အကြီးတန်း(၂)ပါး၊ အလတ်တန်း(၂)ပါး၊ အငယ်တန်း(၅)ပါး၊ အခြေပြုမူလတန်း(၁၈)ပါး၊ စုစုပေါင်း(၂၇)ပါးတို့အား စာအောင်လက်မှတ်၊ စာအောင်ဆုများ ဆက်ကပ်ခြင်းနှင့် လှူဖွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး ဩဝါဒါစရိယဆရာတော်ကြီးများ၊ စာချဆရာတော်များ၊ စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား အလှူရှင်များမှ ဆွမ်းဆန်စိမ်းများအား လောင်းလှူခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ (၂၀၂၅)ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်းများတွင် ဖြေဆိုအောင်မြင်သော စာအောင်သံဃာများ၊ သီလရှင်များ၊ ရွှေကျင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျာဟိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သာသနာ့ဒါယကာ၊ ဒါယိကာမများမှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)