မြို့သစ် ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ဧပြီလအတွင်း အပူချိန်မြင့်တက်လာသည့်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်/ကျေးရွာရှိဒေသခံပြည်သူများ မိမိတို့နေအိမ်များ၌ နေထိုင်ရန် ခက်ခဲပြီး အပူဒဏ်ကိုတိမ်းရှောင်ရန် လိုအပ်မည့်သူများ၊ သက်ကြီးဘိုးဘွားများအား အပူရှောင်စခန်းများတွင် လာရောက်နားခိုနိုင်ရေးနှင့် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အပူရှောင်စခန်းများကို ဧပြီလ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်ထားရှိခဲ့သည်။
အဆိုပါ အပူရှောင်စခန်းများကို မြို့ပေါ်ရှိ “စျေးရပ်ကွက်၊ ရွှေဘုံသာကျောင်း၊ ကွက်သစ်ရပ်ကွက် ၊ စျေယျမင်္ဂလာဂါတ်ကျောင်းနှင့် ဘုရားကြီးရပ်ကွက်၊ သရက်တောဘုန်းတော်ကြီးကျောင်းများရှိ ဓမ္မာရုံ အပူရှောင်စခန်း(၃)နေရာတို့တွင် နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၆ နာရီခွဲအချိန်ထိ ဖွင့်လှစ်ထားပြီး နားနေခန်း၊ တရားနာခန်းနှင့် ထမင်းစားခန်းများအပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မျိုးဇော် စီစဥ်သည့် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးစစ်ဆေးပေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးများအား အခမဲ့ပေးဝေခြင်း၊ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအပြင် အဆိုပါအပူရှောင်စခန်းများအတွက် ဓာတ်ဆား၊ အချိုရည်၊ ရေသန့်များနှင့် အစားအစားများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ယခုလက်ရှိ၌ အပူရှောင်စခန်းများတွင် လာရောက်သည့် သက်ကြီးဘိုးဘွားများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ နာတာရှည်ရောဂါရှိသူများ စုစုပေါင်း(၁၃၅)ဦးခန့်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)