ဝေါ ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို (၁၃.၄.၂၀၂၆) ရက်နေ့မှ (၁၆.၄.၂၀၂၆) ရက်နေ့အထိ လမ်းလျှောက်သင်္ကြန်ပွဲတော်အား စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။
ယခုနှစ်အခါတွင် ဝေါမြို့နယ်အတွင်း ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ ဖွင့်ပွဲပြုလုပ်ဆောင်ရွက်ခြင်း၊ လမ်းလျှောက်သင်္ကြန်နှင့် ရေကစားမဏ္ဍပ်များ ဆောင်ရွက်ခြင်း၊ စတုဒိသာများ ကျွေးမွေးဧည့်ခံခြင်း၊ ပိတ်ပွဲပြုလုပ်ဆောင်ရွက်ခြင်းနှင့် နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရားတော် နာယူခြင်း၊ သက်ကြီးဘိုးဘွား ပူဇော်ခြင်းနှင့် ဇီဝိတဒါန ငါးလွှတ်ခြင်းများ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ်ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ ပေ(၂၀၀)ပတ်လည် မဏ္ဍပ်အား ဆောက်လုပ်သွားမည်ဖြစ်ပြီး၊ ဖျော်ဖြေရေး မဏ္ဍပ်ကို ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးအတိုင်း လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ယိမ်းအဖွဲ့(၈)ယိမ်းက ခေတ်ပေါ်တေးဂီတများဖြင့် အလှည့်ကျ ဖျော်ဖြေဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အေးချမ်းသာယာရပ်ကွက်ရှိ ယိမ်းအဖွဲ့ လှပျိုဖြူများမှ မြန်မာ့ရိုးရာသင်္ကြန်တွင် ညီညာစွာ ဖျော်ဖြေနိုင်ရေးအတွက် ယိမ်းအကများ လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)