မြန်အောင် ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ချောင်းခွကျေးရွာ နွေစပါးစိုက်ပျိုး အောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုခြင်းနှင့် သမဝါယမအသင်းသားသို့ အရင်းမပျောက်မတည်ငွေ (သတ္တမအကြိမ်) မျိုးမြေပဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုံကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများသည် ကွေ့မအုပ်စု၊ ချောင်းခွကျေးရွာ၊ ကွင်းအမှတ် ၄၆ တွင် သမဝါယမအသင်းသား ၂ ဦးမှ နွေစပါး (ဆာဘိုးသာ) ဧက ၂၀ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် အလုံကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ကျင်းပသော သမဝါယမအသင်းများသို့ အရင်းမပျောက် မတည်ငွေ (သတ္တမအကြိမ်) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းက အဖွင့်အမှာစကားပြောကြားရာ ကြံခင်းမြို့နယ်အတွင်း အသင်း ၈ သင်း၊ အသင်းအား ၂၈၇ ဦး၊ ဧက ၃၉၄ ဧက၊ ငွေကျပ် ၃၉၄.၁ သိန်း နှင့် ညီမျှသော မျိုးနှင့်သွင်းအားစုများကို တောင်သူများ အဆင်ပြေစေရန် ပေးအပ်ခြင်းဖြစ်ပါကြောင်း ပြောကြားပြီး၊ ကြံခင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ(ခေတ္တ)ဥက္ကဋ္ဌ ဦးကျော်မင်းထက် က တောင်သူများအား လျာထားချက်များနှင့်အညီ စိုက်ပျိုးနိုင်ရေး အတွက် အုပ်ချုပ်ရေးပိုင်းအနေဖြင့် ဘက်ပေါင်းစုံမှကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာက တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေ၊ ပြည်ထောင်စု ဘတ်ဂျတ်ရန်ပုံငွေနှင့် နိုင်ငံစီပွားရန်ပုံငွေများ ပေးအပ်ထောက်ပံ့ပေးမှု အခြေအနေများအား ရှင်းလင်း တင်ပြပြီးနောက်၊ ကြံခင်းမြို့နယ်အတွင်းကျေးရွာ ၈ ရွာရှိ သမဝါယမအသင်းသား တောင်သူများအား မျိုးမြေပဲနှင့် သွင်းအားစုများကို တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ(ခေတ္တ)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် ပေးအပ်ကြသည်။ ယင်းနောက် သမဝါယမအသင်းသားများကိုယ်စား ပန်းနှင်းဆီသမဝါယမအသင်း ဥက္ကဋ္ဌ ဦးမင်းလှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)