ပဲခူး ဧပြီ ၅
ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဧပြီလ (၄) ရက်နေ့က စတင်ပြီး အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများဖြင့် လာရောက်ပြသသည့် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကုသပေးမည့်နေရာအား ကြိုတင်စီစဉ်ထားကြောင်း သိရသည်။
အပူဒဏ်ရောဂါကုသနိုင်ရေးအတွက် ကြိုတင်စီစဉ်ထားရှိမှုနှင့် ပတ်သက်၍ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က "ယခုအခါ ပူပြင်းသည့်နွေရာသီကာလသို့ ရောက်ရှိနေပြီဖြစ်သဖြင့် အပူဒဏ်အန္တရာယ် ဖြစ်ပွားမှုအများဆုံး တိုင်းဒေသကြီး/ ပြည်နယ်များတွင် အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများဖြင့် ပြည်သူ့ဆေးရုံများသို့ လာရောက်ပြသသော လူနာများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ ကျွန်တော်တို့ ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးမှာလည်း လူနာများလက်ခံကုသပေးမည့်နေရာကို ကြိုတင်စီစဉ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်း ပြင်ဆင်ထားရှိခြင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု ရှိစေရေးအတွက် အပူဒဏ်အန္တရာယ်လူနာများအား အရေးပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်းလမ်းညွှန်နှင့်အညီ ဆောင်ရွက်ရန်အတွက် လေ့ကျင့်မှုများ ဆောင်ရွက်ခြင်း အပါအဝင် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေး အတွက် လုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း" ပြောကြားသည်။
ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများဖြင့် လာရောက်ပြသကုသရန်အတွက် လူနာ(၁၀)ဦးစာ ကြိုတင်ပြင်ဆင်ထားပြီး လိုအပ်ပါက လူနာ (၃၀)ဦး ထက်ပို၍ ကုသနိုင်အောင် ကြိုတင်ပြင်ဆင်ထားရှိမှုများ ဆောင်ရွက်ထားကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)