မင်းလှ ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ပြုလုပ်သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာလှဝင်း၏ ကြီးကြပ်မူဖြင့်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အပူဒဏ်ကာကွယ်နိုင်ရေး ရှောင်ကြဥ်ရန်အချက်များနှင့် လိုက်နာဆောင်ရွက်ရန်အချက်များ၊ အရေးပေါရှေးဦးပြုစုခြင်းအကြောင်းအရာများကို အသိပညာပေးဟောပြော၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့်ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်ကို ဈေးရောင်းဈေးဝယ်ပြည်သူများ လမ်းသွားလမ်းလာပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မိခင်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)