ပေါက်ခေါင်းမြို့နယ်၌ အကြိမ် (၄၀)မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

ပေါက်ခေါင်း ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် အကြိမ်(၄၀)မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ်(၃)ရပ်ကွက်၊ မဟာသန္တာဝါသသာသနာ့ဗိမ္ဗာန်တော်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦစွာ ပေါက်ခေါင်းမြို့၊ ပညာဇောတာရုံစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တမဟိန္ဒ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက သာသနာရေးဆိုင်ရာကိစ္စများကို လျှောက်ထားခဲ့ပြီး ၂၀၂၅ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်းတို့တွင် ထူးချွန်စွာ အောင်မြင်တော်မူ​ကြသော သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္တုများကို ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပါဠိပထမပြန်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်တော်မူ​ကြသော သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား ဒါယိကာ၊ ဒါယိကာမများက ဂုဏ်ပြုဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး စူဠဘွဲ့နှင်းသဘင် အခမ်းအနားတွင် ကုသိုလ်ပြုပါဝင်လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချအမျှဝေခဲ့ကြကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)