မင်းဘူး ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမ Community Centre ၌ စာပေစကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကျောင်းသားလူငယ်များအား စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး သိပညာဗဟုသုတများ တိုးပွားစေရန်၊ အပြန်အလှန် ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် အချင်း ချင်းချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေး ရည်ရွယ်ကာ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များက အခြေခံပညာအလယ်တန်း ကျောင်းသား၊ကျောင်းသူလေးများအား စာပေထဲမှ ဘဝအသိအမြင်များ ရရှိစေရန် စာရေးဆရာ ဒေါက်တာမားကပ်စ် ရေးသားသည့် “ဆယ်တန်းမှမအောင်ရင် ဘယ်နှစ်တန်းမှ မအောင်သလိုပဲ” စာအုပ် ဖတ်ကြားကာ ဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က စာဖတ်ဝိုင်း ပြုလုပ်ခြင်း အစီအစဉ်များနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အတွင်းရေးမှူး ဆရာ ဦးဌေးလွင်နှင့် အဖွဲ့ဝင် ဆရာဦးဆန်းဝင်းတို့က မိမိတို့ဖတ်ရှုခဲ့ကြပြီးဖြစ်သည့် စာရေးဆရာ ဒေါ်တာ မားကပ်စ် ရေးသားသည့် “ဆယ်တန်းမှ မအောင်ရင် ဘယ်နှစ်တန်းမှ မအောင်သလိုပဲ” စာအုပ်ပါ ခေါင်းစဉ်အကြောင်းအရာများမှ ရေးသားတင်ပြမှု အစီအစဉ်များ၊ ဆောင်းပါးပါ အကြောင်းအရာများမှ ရရှိပေးစွမ်းသည့် အသိပညာ ဗဟုသုတများ၊ လိုက်နာကျင့်သုံးအပ်သည့် အတွေးအမြင်များ၊ စာရေးသူ၏ ရေးသားချက်များကပေးစွမ်းသည့် စာပေရသများကို စာဖတ်ဝိုင်း တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများအတွက် အသီးသီး အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)