ပုသိမ် ဧပြီ ၅
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိရာ မဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များပါဝင်ယှဉ်ပြိုင်ဖျော်ဖြေနိုင်ရေးအတွက် ဌာနဆိုင်ရာအလိုက်၊ ကျောင်းအလိုက် ကြိုတင်လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။
ထို့ကဲ့သို့ ပြင်ဆင်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းပြိုင်ပွဲနှင့် ဖျော်ဖြေရေးလုပ်ငန်းကော်မတီမတွင်းရေးမှူး၊ တိုင်းဒေသကြီးပညာရေးမှူးက ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ယိမ်းအကအဖွဲ့များအား သက်ဆိုင်ရာဌာနအလိုက်၊ ကျောင်းအလိုက်လေ့ကျင့်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်ပြီး အောင်အောင်မြင်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
၁၃၈၇ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေနိုင်ရေးအတွက် ယိမ်းအဖွဲ့(၁၉)ဖွဲ့က ကြိုတင်လေ့ကျင့်ဆောင်ရွက်နေသကဲ့သို့ ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရှုခင်းသာရင်ပြင်တွင် ဧရာဝတီတိုင်းဒေသကြီး (ဗဟို)သင်္ကြန်မဏ္ဍပ်အား အလျား ပေ ၂၀၀၊ အနံပေ ၆၀ ဖြင့် ဖျော်ဖြေရေးမဏ္ဍပ်များ၊ ဧည့်ခံရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များအား ပူးတွဲတည်ဆောက်လျက်ရှိသည်။ ထို့ပြင် တိုင်းဒေသကြီးအတွင်း စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအနေဖြင့် လမ်းလျှောက်သင်္ကြန်အပါအဝင် ဗဟိုမဏ္ဍပ်နှင့်အခြားသောမဏ္ဍပ်များအား ပုသိမ်မြို့ကမ်းနားလမ်းတွင် တစုတစည်းတည်းကျင်းပမည်ဖြစ်ရာ ဆိုလာရေရရှိရေးစနစ်ဖြင့်လည်းကောင်း၊ လျှပ်စစ်မီးအသုံးပြု၍ စက်သုံးဆီသုံးစွဲရေးအား အနည်းဆုံးခြိုးခြံချွေတာနိုင်ရေးစီစဉ်ကိုဆောင်ရွက်ထားကြောင်း ဗဟိုမဏ္ဍပ်တည်ဆောက်ရေးကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ပြောကြားသည်။
လှမင်းထွဋ်(ပြန်/ဆက်)