ပွင့်ဖြူ ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲသွားမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ စတင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့တွင်းလေးတိုင်စင်လမ်းဆုံ မီးပွိုင့်အနီးတွင် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ စတင်ဆောက်လုပ်နေပြီဖြစ်ပြီး ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေဆော့ကစား နိုင်ရန် လမ်းလျှောက်သင်္ကြန် အစီအစဉ်အား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ သင်္ကြန်ပွဲတော် ကာလအတွင်း ရေကစားကြသူများ ပျော်ရွှင်နိုင်ရန် ဖျော်ဖြေရေးယိမ်းအဖွဲ့(၅)ဖွဲ့မှ လှပျိုဖြူများက နေ့အလိုက် ညီညာစွာ ကပြဖျော်ဖြေသွားမည်ဖြစ်ပြီး လက်ရှိတွင် ယိမ်းအကများ လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ဗဟိုမဏ္ဍနှင့် ရေကစားမဏ္ဍပ်သို့ လာရောက်ရေကစားကြသူများကို ဌာနဆိုင်ရာများမှ နေ့အလိုက် ရွှေရင်အေး၊ မုန့်လက်ဆောင့်၊ မုန့်လုံးရေပေါ်၊ သာကူချို၊ ဖျော်ရေ အစရှိသည့် စာသောက်ဖွယ်ရာများဖြင့် စတုဒိသာ ဧည့်ခံကျွေးမွေးလှူဒါန်းခြင်း၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်သစ်ကူး ဇီဝိတဒါနကုသိုလ်အဖြစ် မုန်းချောင်းသဘာဝ ရေပြင်အတွင်း ငါးလွှတ်ခြင်း၊ မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်ရှိ သက်ကြီးဘိုးဘွား(၄၁)ဦးအား သက်ကြီးပူဇော်ပွဲ ဆောင်ရွက်ခြင်း၊ မြို့နယ်အတွင်း တန်ခိုးကြီးဘုရားများရှိ ရုပ်ပွားတော်များနှင့် စေတီပုထိုးများတွင် ရေသပ္ပါယ်ခြင်း၊ တရားဘာဝနာ ပွားများခြင်း၊ ဆရာတော်၊ သံဃာတော်များကို ပင့်ဖိတ်ကာ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း အစီအစဉ်များဖြင့် အတာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )