ဟင်္သာတ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်

ဟင်္သာတ ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် လယ်တီကျေးရွာအုပ်စု၊ စစ်ပင်ကျေးရွာရှိ Unicef သိုလှောင်ရုံ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်း၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးတို့က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်း မျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ကာ အဆိုပါသင်တန်းကို  ဖေဖော်ဝါရီ ၁ ရက်နေ့အထိ  သင်ကြား ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ပြီး ကျေးရွာများမှ သင်တန်းသူ အမျိုးသမီး(၃၀)ဦး တက်ရောက်ကြောင်း သိရပြီး ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ နှင့်အညီ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)