မြိတ်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန် နေရာ(၂)ခုနှင့်အတူ ဖျော်ဖြေရေးမဏ္ဍပ်(၅)ခုနှင့် ရေကစားမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မြိတ် ဧပြီ ၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပြည်သူများအေးအေးချမ်းချမ်းနှင့် ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် လမ်းလျှောက်သင်္ကြန်၊   ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များဖြင့် သင်္ကြန်ယိမ်းအကအလှများ၊ သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွတေးဂီတများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ ရေကစားခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

မြိတ်မြို့၏ မဟာသင်္ကြန်ပွဲတော်၌ လမ်းလျှောက်သင်္ကြန်ကို ကမ်းနားလမ်းနှင့် မြိတ်တောင်ရပ်ကွက်တို့တွင် ကျင်းပသွားမည်ဖြစ်ကာ ဗဟိုမဏ္ဍပ်နှင့်ဖျော်ဖြေရေးမဏ္ဍပ်(၄)ခု၊ ရေကစားမဏ္ဍပ်များဖြင့် သင်္ကြန်ပွဲတော်ကိုပြည်သူများအေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် မဏ္ဍပ်များဆောက်လုပ်ခြင်းဖြင့် သင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပရန်  ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြသည်။

“မြိတ်မြို့ရဲ့ ဗဟိုမဏ္ဍပ်ကို အများပြည်သူတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ သင်္ကြန်ကာလမှာ ဆင်နွှဲနိုင်ဖို့ တည်ဆောက်နေတာပါ။ မဏ္ဍပ်က အလျားပေ(၈၀)အနံပေ(၄၀)ရှိပါတယ်။ ဒီနှစ်သင်္ကြန်မှာတော့ မဏ္ဍပ်မှာရေပက်ပျော်ပါးဆော့ကစားကြသလို ယိမ်းအဖွဲ့တွေခေတ်ပေါ်သီချင်းတွေနဲ့ ဒေသရဲ့ရိုးရာဖျော်ဖြေမှုများလည်းရှိမှာပါ။ သင်္ကြန်အကြိုနေ့မှစပြီး အလှည့်ကျဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်”ဟု  ဗဟိုမဏ္ဍပ်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇာယုက ပြောသည်။

မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးဦးဆောင်၍ပြုလုပ်ခဲ့ကြပြီး သင်္ကြန်ပွဲတော်ကို ပြည်သူများပျော်ရွှင်ချမ်းမြေ့စွာဆင်နွှဲနိုင်ရေး ကော်မတီအလိုက် စနစ်တကျပေါင်းစပ်ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ ကြသည်။

 “လမ်းလျှောက်သင်္ကြန်ကို သင်္ကြန်အကြိုနေ့ဖြစ်တဲ့ ဧပြီ(၁၃)မှ(၁၆)ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ မြိတ်မြို့မှာရှိတဲ့ မြို့သူမြို့သားတွေ အေးအေးချမ်းချမ်းနဲ့ အပန်းဖြေစေချင်တယ်။ မဟာသင်္ကြန်ဆိုတာကို ကင်းကွာနေတာလည်းကြာပြီဖြစ်ပါတယ်။ မြိတ်သူမြိတ်သားတွေ အပန်းဖြေနိုင်ဖို့ရည်ရွယ်ချက်နဲ့ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ တေးဂီတဖျော်ဖြေမှု၊ DJ အစီအစဉ်တွေနဲ့ ယိမ်းအကအဖွဲ့တွေနဲ့ နံနက်(၈)နာရီမှ ညနေ(၆)နာရီအထိ ဖျော်ဖြေသွားမှာဖြစ်ပါတယ်”ဟု လမ်းလျှောက်သင်္ကြန် တာဝန်ခံ စီစဉ်သူ   ဦးဝင်းချိုက ပြောသည်။

လမ်းလျှောက်သင်္ကြန်ကို မြိတ်မြို့ကမ်းနားလမ်း Market Garden Shopping Mall လမ်းဆုံမှ Myeik Shopping Center လမ်းဆုံထိ ဆောင်ရွက်သွားမည်ဖြစ်ကာ  Myeik Shopping Center အရှေ့တွင်ဖျော်ဖြေရေးမဏ္ဍပ်ဖြင့် ဖျော်ဖြေရေးအစီအစဉ်များ ဖျော်ဖြေကာလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ကျင်းပသွားမည်ဖြစ်သည်။ အလားတူ  မြိတ်တောင်ရပ်ကွက်တွင် စန်းသီရိမီးပွိုင့်လမ်းဆုံမှ ထားဝယ်ကမ်းမီးပွိုင့်လမ်းဆုံအထိ လမ်းလျှောက်သင်္ကြန်ကို ဆောင်ရွက်သွားမည်ဖြစ်ကာ ပိတောက်ရွှေစင်ဖျော်ဖြေရေးမဏ္ဍပ်ဖြင့် ဖျော်ဖြေရေးအစီအစဉ်များဖျော်ဖြေကာ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ကျင်းပသွားမည်ဖြစ်သည်။

“မြိတ်မြို့သူ/သားတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ စည်ကားသိုက်မြိုက်အောင် မြိတ်တောင်ရပ်ကွက်က ပိတောက်ရွှေစင်ဖျော်ဖြေရေးမဏ္ဍပ် ဆောင်ရွက်နေပါတယ်။ သင်္ကြန်မဏ္ဍပ်မှာ ယိမ်းအကအဖွဲ့တွေနဲ့ ခေတ်ပေါ်တေးဂီတတွေနဲ့ဖျော်‌ဖြေပေးပါ့မယ်။ မဏ္ဍပ်နှင့်အတူ လမ်းလျှောက်သင်္ကြန်ကို စန်းသီရိလမ်းဆုံမှ ထားဝယ်ကမ်းလမ်းဆုံအထိစီစဉ်ထားပါတယ်။ လမ်းလျှောက်သင်္ကြန် ဘေးဝဲယာမှာ နိဗ္ဗာန်ဈေးကျွေးတာတွေနဲ့ မုန့်ဈေးတန်းစီစဉ်ထားပါတယ်။ ပြည်သူများလာရောက်ပြီး လမ်းလျှောက်ခြင်းနဲ့ ပျော်ပျော်ရွှင်ရွှင်ရေကစားကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နေမျိုး က ပြောသည်။

၁၃၈၇ ခုနှစ် မြိတ်မြို့၏ မဟာသင်္ကြန်ပွဲတော်ကို ဖျော်ဖြေရေးမဏ္ဍပ်(၅)ခု၊ ရေကစားမဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်အစီအစဉ်နှင့်အတူ သင်္ကြန်ပွဲတော်ကို ဖျော်ဖြေရေးအစီအစဉ်များဖျော်ဖြေခြင်း၊ ကစားခြင်းဖြင့်ပြည်သူများပျော်ရွှင်စွာဆင်နွှဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီးသင်္ကြန်ကာလအတွင်း ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)