ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးသီးနှံ ၁၉၈၀၄ ဧက လျာထား စိုက်ပျိုး ဆောင်ရွက်သွားမည်

ပွင့်ဖြူ  ဇန်နဝါရီ  ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်ရေကို ယခုလာမည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မြောက်မုန်းမြောင်းမကြီးအား စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး နွေစပါးသီးနှံစိုက် ဧကအနေဖြင့် စုစုပေါင်း ၁၉၈၀၄ ဧက လျာထားစို က်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ ရာသီအလိုက် သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေရေးအတွက် နှစ်စဉ် မဲဇလီရေ လွှဲဆည်မှ ဆည်ရေများကို တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းကြီးတို့မှ တစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် ပို့လွှတ်ဖြန့်ဝေ ဆောင်ရွက်ပေး လျက်ရှိရာ တောင်သူများ စိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေ လျက်ရှိကြောင်း သိရသည်။ ယခု ၂၀၂၀ - ၂၀၂၁ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း မြို့နယ်အတွင်း တောင်သူများ  သီးနှံအချိန်မီ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် နွေသီးနှံစိုက်ပျိုးရေများ ဖြန့်ဝေပေးသွားမည် ဖြစ်ပြီး စိုက်ပျိုးရေပို့လွှတ်မည့် ရေလက်တံမြောင်းများ အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် နုန်းသဲမြေများ ဆယ်ယူ ရှင်းလင်းခြင်း ၊ ရေမြိတ်များနှင့် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းများအပြင် နွေသီးနှံစိုက်ပျိုးလယ်မြေများ စိုက်ပျိုးရေမျှတစွာ ရရှိရေးအတွက် ကြိုတင်၍ ပြုပြင်ရန်လိုအပ်သော ရေလက်တံမြောင်းများအား အသစ်ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။

ယခု ၂၀၂၀ - ၂၀၂၁ ခုနှစ် ၊ နွေသီးနှံစိုက်ပျိုးရာသီမှာ “ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ နွေသီးနှံ အချိန်မီ စိုက်ပျိုးသွားနိုင်ရေး ယခုလာမည့် ဖေဖော် ဝါရီလ ၁၆ ရက်နေ့မှာ မဲဇလီရေလွှဲဆည်ကနေ စိုက်ပျိုးရေ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ တောင်သူတွေကို စိုက်ပျိုးရေ ဖြန့်ဝေပေးရာမှာ ခါတိုင်းနှစ်တွေက မဲဇလီရေလွှဲဆည်ကနေ ပို့လွှတ်တဲ့ ဆည်ရေကို တောင်မုန်းမြောင်းမကြီးနဲ့ မြောက်မုန်း မြောင်းမကြီး နှစ်ခုလုံးကို နွေစပါးနဲ့ အခြား နွေသီးနှံ စိုက်ပျိုးနိုင်အောင် ပို့လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ယခုနှစ်မှာတော့ မိုးရွာသွန်းမှုလျော့နည်းပြီး ဆည်ရေအဝင် နည်းတဲ့အတွက် တောင်သူတွေ အခက်အခဲဖြစ်မှာစိုးလို့ မြောက်မုန်းမြောင်းမကြီးက တောင်သူတွေကိုပဲ နွေစပါးနဲ့ အခြားနွေသီးနှံ စိုက်ပျိုးလို့ရအောင် ပေးဝေသွားမှာဖြစ်ပြီး တောင်မုန်းမြောင်းမကြီးက တောင်သူတွေကိုတော့ နွေနှမ်းသီးနှံ အတွက်ပဲ ဖြန့်ဝေပေးသွား မှာဖြစ်ပါတယ်။ ဒီလိုပေးဝေခြင်းဟာလည်း အလှည့်ကျ စနစ်နဲ့ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။ လာမည့်နှစ်မှာဆိုရင်တော့ တောင်မုန်းမြောင်း မကြီးက တောင်သူတွေကို နွေစပါးနဲ့ အခြားနွေသီးနှံ စိုက်ပျိုးနိုင်အောင် ပေးဝေသွားမှာဖြစ်ပြီး မြောက်မုန်းမြောင်း မကြီးက တောင်သူတွေကို နွေနှမ်းသီးနှံအတွက် ပေးဝေသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တောင်မုန်းမြောင်းမကြီးက နွေနှမ်းစိုက်ပျိုး တောင်သူများ ကိုတော့ ဧပြီလ ၁ ရက်နေ့မှာ စိုက်ပျိုးရေဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင် က ပြောသည်။

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၀ - ၂၀၂၁ ခုနှစ် ၊ နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေ ဖြင့် နွေစပါးသီးနှံ စိုက်ပျိုးဧက ၁၉၈၀၄ ဧက နှင့် နွေနှမ်းစိုက်ပျိုးဧက ၃၁၆၆၀ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)