ကျိုက်လတ်မြို့၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲအောင် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ကျိုက်လတ် ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်း၊ တိလောကမာရဇိန်ဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန်တွင် ယမန်နေ့ နံနက်(၇) နာရီခန့်က ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်သော စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး စိတ္တသုခကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အလှူရှင်များက မြို့နယ်သံဃနာယကဆရာတော်များနှင့်စာမေးပွဲ ကြီးကြပ်ရေးဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျိုက်လတ်မြို့နယ်စာဖြေဌာနတွင် ထူးချွန်စွာအောင်မြင်တော်မူခဲ့ကြသော စာအောင်သံဃာတော်ပထမလတ်တန်း(၁)ပါး၊ ပထမငယ်တန်း (၂)ပါး၊  အခြေပြုမူလတန်း(၁၉)ပါးတို့အား စာအောင်လက်မှတ်နှင့်ဂုဏ်ပြုဆုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ဆရာတော်ကြီးများ၊ စာအောင်သာမဏေများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဂေါပကအဖွဲ့များ၊ မြို့မိ/မြို့ဖများ၊ အသင်းအဖွဲ့များ၊ အလှူရှင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်