ထန်းတပင် ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့မှာ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မြို့နယ်အဆင့် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၊ စတုဒိသာအလှူများ၊ ယိမ်းအကအဖွဲ့အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထန်းတပင်မြို့၏ ဗဟိုရေကစားမဏ္ဍပ်ကို အောင်သုခရပ်ကွက်ရှိ လွတ်လပ်ရေးပန်းခြံအနီး၌ တည်ဆောက်သွားမည်ဖြစ်ပြီး သင်္ကြန်ပွဲတော်ရက်များတွင် နေ့စဥ်ဌာနအသီးသီးနှင့် ရပ်ကွက်တို့မှ ယိမ်းအဖွဲ့များ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပါဝင်ဖျော်ဖြေကြမည့် ယိမ်းအဖွဲ့များကလည်း မိမိတို့၏ ဌာနများနှင့် ရပ်ကွက်များအလိုက် သတ်မှတ်နေရာအသီးသီး၌ ကြိုတင်ပြင်ဆင်လေ့ကျင့်လျက်ရှိသည်။
ထန်းတပင်မြို့နယ်တွင် ယခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရေကစားမဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲ၊ ရိုးရာသင်္ကြန်ယိမ်းအကများ၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲ စသည်တို့ဖြင့် ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)