ကန့်ဘလူ ဧပြီ ၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် ကျင်းပနိုင်ရေး၊ ယဥ်ကျေးမှုနှင့်အညီ ပျော်ရွှင်အေးချမ်းစွာ ဆင်နွှဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၂ ရက်မွန်းလွဲ ၁ နာရီက ကန့်ဘလူခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်ပွဲတော်အဖြစ် အစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်ကြောင်း၊ မဏ္ဍပ်ဆောက်လုပ်ရေး၊ ယိမ်းအကအဖွဲ့များ ဖျော်ဖြေရေး၊ ရေရရှိရေး၊ စတုဒိသာ ကျွေးမွေးရေး၊ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မည့် အခြေအနေများ၊ သက်ကြီးဘိုးဘွားများ ကန်တော့ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ကန့်ဘလူမြို့နယ်၌ ကျင်းပမည့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ခြင်း၊ ပွဲတော်ရက်အတွင်း စတုဒိသာအဖြစ် သင်္ကြန်ရိုးရာ အစားအစာကျွေးမွေးခြင်း၊ ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှများဖြင့် ဖျော်ဖြေဧည့်ခံခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)