မကွေးတိုင်းဒေသကြီးအတွင်း အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အပူရှောင်စခန်းများ ဖွင့်လှစ်ထားရှိမှုကြည့်ရှုအားပေး

မကွေး ဧပြီ ၅

မကွေးတိုင်းဒေသကြီးတွင် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ မိမိတို့နေအိမ်များ၌ နေထိုင်ရန်ခက်ခဲပြီး အပူဒဏ်ကိုတိမ်းရှောင်ရန် လိုအပ်မည့်သူများနှင့် သက်ကြီးဘိုးဘွားများအား အပူရှောင်စခန်းများတွင် လာရောက်နားခိုနိုင်ရေးနှင့် အပူဒဏ်အန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် အပူရှောင်စခန်းများဖွင့်လှစ်ထားရှိရာ မကွေးခရိုင်၊ မကွေးမြို့တွင် ဖွင့်လှစ်ထားရှိသည့် အပူရှောင်စခန်းအား ယမန်နေ့နံနက် ၁၀နာရီက မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးခင်‌မောင်ညိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများကသွား ရောက်ကြည့်ရှုအားပေးခဲ့သည်။

မကွေးမြို့၌ အပူရှောင်စခန်းများကို အောင်ချမ်းသာရပ်ကွက်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်း၌နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီခွဲအချိန်ထိ ဖွင့်လှစ်ထားပြီး နားနေခန်း၊ တရားနာခန်းများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် တိုင်းပြည်သူ့ဆေးရုံးကြီးမှ ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးခြင်း၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်စာပေနှင့် နေ့စဉ်ထုတ်သတင်းစာများ ဖတ်ရှုလေ့လာနိုင်ရန်နှင့် အကြို/အပို့ယာဉ် စသည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အပူရှောင်စခန်းစတင်ဖွင့်လှစ်သည့် ပထမရက်တွင် မြို့ပေါ်ရက်ကွက်များရှိ သက်ကြီးဘိုဘွား ၁၀၀ ကျော်လာရောက် နားခိုနေထိုင်လျက်ရှိပြီး လိုအပ်သောပံ့ပိုးကူညီမှုများဖြစ်သည့် ရေသန့်၊ အချိုရည်နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးထားမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။

ယခုလက်ရှိ အပူရှောင်စခန်းများတွင် အပူရှောင်နားခိုနိုင်စေရန်စီစဉ်ဆောင်ရွက်ထားပြီး မကွေးမြို့၌ အသက် ၁၀၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများလည်း အပူရှောင်စခန်းများသို့ လာရောက်နားခိုလျက်ရှိကြောင်း၊ လူဦးရေအနည်းအများအပေါ်မူတည်၍ မကွေးမြို့ပေါ်တွင် အပူရှောင်စခန်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် စေတနာရှင်အလှူရှင်များမှ စုပေါင်းလှူဒါန်းသော အလှူငွေကျပ် ၃၉၄  သိန်းကို အပူရှောင်စခန်းဖွင့်လှစ်နိုင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီထံ လှူဒါန်းပေးအပ်ကာ အပူရှောင်စခန်းများအောင်မြင်စွာဖွင့်လှစ်နိုင်ရေး ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းအဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူက ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးမြို့နယ်၊ ချောက်မြို့နယ်၊ မင်းဘူးမြို့နယ်၊ စကုမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် အောင်လံမြို့နယ်များတွင်ဖွင့်လှစ်ထားရှိပြီး အပူဒဏ်အန္တယ်ရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလှည့်လည်နှိုးဆော်ခြင်း၊ လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာစိုက်ထူခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့်ဒေသခံပြည်သူများအပူဒဏ်ကြောင့် ပင်ပန်းနွမ်းနှယ်ခြင်း၊ အပူဒဏ်ကြောင့်သတိလစ်ခြင်းစသည့် လက္ခဏာများဖြစ်ပွားလာပါက နီးစပ်ရာဆေးရုံများ၌ အရေးပေါ်ဆေးကုသပေးခြင်းများ ဆောင်ရွက်နိုင်ရန် မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်းသိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)