မော်လမြိုင်ကျွန်း ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၅)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းမကြီး၌ ကွင်းဆင်းသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးနှင့် အင်ဂျင်နီယာများ၊ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူးနှင့်တာဝန်ရှိသူများက မဏ္ဍပ်တည်ဆောက်မည့်နေရာများ၏ လုံခြုံရေးအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေမှု၊ ရေဖြန့်ဝေမှုစနစ်နှင့် မီးဘေးလုံခြုံရေးအစီအစဉ်များကို အသေးစိတ်စစ်ဆေးခဲ့သည်။ ထို့ပြင် သင်္ကြန်ကာလအတွင်း လူထုလုံခြုံရေးနှင့် ယာဉ်ကြောစည်းကမ်းထိန်းသိမ်းရေးများကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်အစီအစဉ်များကိုလည်းဆွေးနွေးခဲ့ပြီး ပြည်သူများအေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရန်အတွက် လုံခြုံရေးနှင့်သန့်ရှင်းရေးကို အထူးဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)