ပြည် ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြည်ခရိုင်စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှတာဝန်ရှိသူများပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ပေါ်ရှိ စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များ၌ ပြည်သူများထံ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ခွဲတမ်းရ စားအုန်းဆီများရောင်းချပေးမှု ရှိ/မရှိအခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့သို့မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ခွဲတမ်းရစားအုန်းဆီများရောင်းချသည့် လက်လီဆိုင်များအနေဖြင့် သတ်မှတ်ထားသောစျေးနှုန်းဖြင့် အိမ်ထောင်စုအလိုက်အား စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျရောင်းချပေးလျက်ရှိကြောင်းနှင့် နေ့စဉ်ရောင်းချသည့်စျေးနှုန်းများကိုလည်း ဗီနိုင်းများဖြင့် စနစ်တကျချိတ်ဆွဲရောင်းချပေးနေမှုကို စစ်ဆေးတွေ့ရှိကြောင်းသိရသည်။
စားသုံးသူရေးရာဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဒေသတွင်းပြည်သူများအား သတ်မှတ်ထားသောစျေးနှုန်းဖြင့် အိမ်ထောင်စုအလိုက်စားအုန်းဆီများစနစ်တကျ ဝယ်ယူရရှိစေရေးအတွက် ခရိုင်အတွင်းမြို့နယ်များရှိ စားအုန်းဆီ လက်လီ/လက်ကားအရောင်းဆိုင်များသို့ အလားတူမြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)