ပဲခူး ဧပြီ ၃
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (တတိယနေ့)ကို ယနေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ကျင်းပသည်။
အစီအစဉ်အရ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးက တိုင်းဒေသကြီးလွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၇၆ ဦး တက်ရောက်ခဲ့ပြီး ရာနှုန်းပြည့်တက်ရောက်လာသည့်အတွက် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးက ပဲခူးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ဖတ်ကြားရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌအဖြစ် ဦးမြစိုး၊ နတ်တလင်းမြို့နယ်ကိုယ်စားလှယ် အမှတ်(၁)နှင့် အတွင်းရေးမှူးအဖြစ် ဦးအောင်ညီညီစိုး၊ ကဝမြို့နယ်ကိုယ်စားလှယ် အမှတ်(၂)ပါ (၉)ဦးတို့၏ အမည်စာရင်းကို တိုင်းဒေသကြီးလွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ဖတ်ကြားရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌအဖြစ် ဒေါက်တာပွင့်ဆန်း၊ ဒိုက်ဦးမြို့နယ်ကိုယ်စားလှယ် အမှတ်(၁)နှင့် အတွင်းရေးမှူးအဖြစ် ဦးရဲထွဋ်၊ သာယာဝတီမြို့နယ်ကိုယ်စားလှယ် အမှတ်(၁)တို့ပါ (၉)ဦးတို့၏ အမည်စာရင်းကို တိုင်းဒေသကြီးလွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ ရပ်နားကြောင်းနှင့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ဧပြီ ၆ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)