ပန်းတောင်း ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်သူများစာပေဗဟုသုတ ကြွယ်ဝစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကိုရည်ရွယ်၍ စာအုပ်၊ စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်ကို စာပေဖတ်ရှုခြင်းဖြင့် အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ပြပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်ပြပွဲတွင် သုတ၊ ရသ စာအုပ်၊ စာစောင်များ၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် ကလေးစာပေများကိုလည်းကောင်း၊ နံရံကပ်စာစောင်ပြပွဲတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး သိကောင်းစရာများ ခင်းကျင်းပြသရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ယခုကဲ့သို့ အသိပညာပေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)