သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

သဲကုန်း ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက လူကုန်ကူးမှုနှင့်လူမှောင်ခို၏အဓိပ္ပာယ်၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့်နည်းလမ်းများ၊ သတိပြုရမည့်သူများ၊ လူကုန်ကူးခံရပါက ခံစားရမည့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးမှုကျူးလွန်ပါက ချမှတ်ခံရမည့် ပြစ်မှု/ ပြစ်ဒဏ်များ၊ ဥပဒေများ စသည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှု​လေ့လာခဲ့ကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)