ပေါက်ခေါင်း ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် မြို့နေပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကားပြောကြားပြီး ပေါက်ခေါင်းမြို့နယ်အတွင်း မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ အတူတကွပူးပေါင်းဆောင်ရွက်ကြရန်၊ ဗဟိုမဏ္ဍပ်အား တည်ဆောက်ရေးလုပ်ငန်းတွင် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြရန်၊ ယိမ်းအကအဖွဲ့များအား နေရာချထားရေး စနစ်တကျဆောင်ရွက်ကြရန်နှင့် လမ်းလျှောက်သင်္ကြန်၌ မြို့ပေါ်ရပ်ကွက်များသာမက မြို့အနီးပတ်ဝန်းကျင်ရွာများပါ အတူပါဝင်ဆင်နွှဲကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပေါက်ခေါင်းမြို့နယ် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၏ အကြံပြုဆွေးနွေးချက်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက ဖြည့်စွက်ပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)