ပုသိမ် ဧပြီ ၄
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး လွှတ်တော်ကော်မတီ(၃)ရပ်ကို အတည်ပြုဖွဲ့စည်းခဲ့သည်။
ဦးစွာတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့အစည်း အဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူကြသည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် ဦးခင်မောင်ဝင်း၊ အိမ်မဲမြို့နယ်ကိုယ်စားလှယ်အမှတ်(၁) အပါအဝင် အဖွဲ့ဝင်ကိုယ်စားလှယ်ကိုးဦးဖြင့်လည်းကောင်း၊ အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် ဦးကျော်ဝင်းနိုင်၊ လေးမျက်နှာမြို့နယ်ကိုယ်စားလှယ်အမှတ် (၁) အပါအဝင် အဖွဲ့ဝင်ကိုယ်စားလှယ် ကိုးဦးဖြင့်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌအဖြစ် နန့်အေးအေးကြူ၊ ငပုတောမြို့နယ်ကိုယ်စားလှယ်အမှတ်(၂) အပါအဝင် အဖွဲ့ဝင်ကိုယ်စားလှယ် ကိုးဦးဖြင့်လည်းကောင်းဖွဲ့စည်းကြောင်းကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ တင်ပြရာလွှတ်တော်က အတည်ပြုရန်သဘောတူသဖြင့် လျာထားသတ်မှတ်ချက်ပါအတိုင်း ကော်မတီသုံးရပ်ကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီးနောက် ကော်မတီ (၃) ရပ်မှ ဥက္ကဋ္ဌတို့က မိမိနှင့် သက်ဆိုင်သည့်ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းများကို လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပြီး တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)