ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများရှင်းလင်း

လေးမျက်နှာ  ဇန်နဝါရီ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များ ပြန်လည်ရွေးချယ် ခန့်အပ်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များကို ဧပြီ၁ရက်နေ့မှ စတင်၍ တာဝန်ထမ်းဆောင် နိုင်ရေးအတွက် ရွေးချယ်ခန့်အပ်တာဝန်ပေးနိုင်ရန် ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လက်ရှိရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းမှာ ၂၀၂၁ ခုနှစ် မတ်လ ၃၁ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ရာ အုပ်ချုပ်ရေးမှူးအသစ်များ ၂၀၂၁ ခုနှစ် ဧပြီလ တစ်ရက်နေ့တွင် ပြန်လည်ရွေးချယ်ခန့်အပ် တာဝန်ထမ်းဆောင်နိုင်ရန် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရာ၌ အဆင်ပြေချောမွေ့စွာ လုပ်ငန်းများ ပြီးစီးနိုင်ရေး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေ အခန်း(၂) အပိုဒ်(၃) အပိုဒ်ခွဲ(က)နှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့အား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ်သွားမည်ဖြစ်ပြီး အုပ်ချုပ်ရေးနည်းဥပဒေအပိုဒ် (၃)၊ အပိုဒ်ခွဲ(ခ)နှင့်အညီ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

လေးမျက်နှာမြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၈) အုပ်စုရှိပြီး   လာမည့်အစိုးရသစ် ကာလအတွင်း ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများတွင် ပြန်လည်တာဝန်ထမ်းဆောင်မည့် အုပ်ချုပ်ရေးမှူး အသစ်များအား ပြည်သူများက ရွေးချယ်ရာတွင် တာဝန်ယူလို့စိတ်ဖြင့် အခွင့်အရေးကိုမကြည့်ဘဲ ရပ်ရွာအကျိုးကို ရှေ့ရှုဆောင်ရွက် နိုင်မည့် ရပ်ရွာအတွက် အမှန်တကယ်အကျိုးရှိမည့်သူများအား မှန်ကန်စွာ ရွေးချယ်ခန့်ထားနိုင်ရေး  မိမိတို့ တာဝန်ကျရာ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ရွေးချယ်မှု လုပ်ငန်းစဉ်များတွင် လွတ်လပ် ပွင့်လင်းမြင်သာမှုရှိကာ တရားမျှတမှုရှိစေရန် ဘက်လိုက် မှုမရှိ ကြီးကြပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)