ကန့်ဘလူ ဧပြီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား စာအောင်ဆုနှင့်အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ဧပြီ ၁ ရက် နံနက် ၈ နာရီက ကျင်းပသည်။
အခမ်းအနားတွင် ကန့်ဘလူမြို့နယ် နတ်ပေးကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇော်တိကဓဇ ဘဒ္ဒန္တဣန္ဓောဘာသ ထံတော် မှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်မြတ်တို့ထံ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့်တာဝန်ရှိသူများက လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် စာအောင်သံဃာတော်များထံ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့်ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက အောင်လက်မှတ်နှင့်စာအောင်ဆုဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ကြသည်။
အဆိုပါစူဠဘွဲ့နှင့်သဘင်အခမ်းအနားတွင် အခြေပြုမူလတန်းဆင့်အောင်အပါး ၂၀၊ ပထမ ငယ်တန်းအောင် ၂ ပါး၊ ပထမလတ်တန်းအောင် ၂ ပါး စုစုပေါင်း ၂၄ ပါးအောင်မြင်တော်မူခဲ့ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း