မုံရွာ ဧပြီ ၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဧပြီလ ၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေးနှင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမျှော်နိုင်စေရန်အတွက် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ မြို့ရာပြည့်ကပ် ကျော်စေတီတော်ကြီး ပရဝုဏ်အတွင်း မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ဦးကျော်ဖြင့် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများမှဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ စားသုံးဆီများ၊ ဆန်များနှင့်ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်စွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၇၀၀ ဦးကျော်ဖြင့် မြို့သန့်ရှင်း သာယာလှပရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)