အောင်လံမြို့ သိမ်ကုန်းဓမ္မာရုံ အပူရှောင်စခန်း၌ အပူဒဏ်ရှောင်သူများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် အာဟာရဒါနများ ထောက်ပံ့လှူဒါန်း

အောင်လံ ဧပြီ ၄

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် အပူရှိန်ပြင်းထန်မှုကြောင့် ပြည်သူများ အန္တရာယ်ကင်းစွာ အနားယူနိုင်ရန် ဖွင့်လှစ်ထားရှိသည့် အပူရှောင်စခန်း၌ ယမန်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အလှူရှင်များမှ အာဟာရဒါနများ ထောက်ပံ့ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် အောင်လံမြို့၊ ကန်ကြီးရပ်ကွက်ရှိ လူဦးရေ (၄၀၀) ဦးဆံ့ သိမ်ကုန်းဓမ္မာရုံ အပူရှောင်စခန်းတွင် ဧပြီလ ၃ ရက်နေ့ နံနက် (၁၀) နာရီအချိန်မှစတင်၍ အပူဒဏ်လာရောက်ရှောင်တိမ်းကြသည့် အဘိုး (၂၇) ဦးနှင့် အဘွား (၂၆) ဦး၊ စုစုပေါင်း (၅၃) ဦးတို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အပူရှောင်စခန်းရှိ အဘိုး၊ အဘွား တစ်ဦးလျှင် နေ့လယ်စာအဖြစ် ကြက်သားဆန်ပြုတ်၊ Royal D အချိုရည်နှင့် ၁ လီတာဝင် ရေသန့် (၁) ဘူး စသည်တို့ကို အသီးသီး ထောက်ပံ့လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)