အောင်လံ ဧပြီ ၄
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် နွေရာသီကာလအတွင်း ကျရောက်လာနိုင်သည့် အပူဒဏ်အန္တရာယ်များမှ ပြည်သူများ ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ အသိပညာပေး လှုံ့ဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မဈေးကြီးနှင့် အများပြည်သူသွားလာရာနေရာများတွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင်အောင်လံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမျိုးလွင်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးထက်ဇော်မင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှ ဦးကျော်နိုင်နှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား (၇၀) ဦးခန့်ဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး၊ ကန်ကြီးရပ်ကွက်ရှိ မြို့မဈေးကြီးအတွင်း/ပြင်ပရှိ ဈေးရောင်းချသူများနှင့်ဈေးဝယ်လာသူပြည်သူများအား အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင် (၂၀၀) ခန့်ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့အပြင် အောင်လံမြို့နယ်၊ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးလွင်က အပူလွန်ကဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများ၊ လိုက်နာရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို အသေးစိတ်အသိပညာပေးပြောကြားခဲ့ပြီး၊ ကန်ကြီးရပ်ကွက်ရှိ သိမ်ကုန်းဓမ္မာရုံ အတွင်း ဖွင့်လှစ်ထားရှိသည့် “အပူရှောင်စခန်း”သို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများကကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
အာကာ(ပြန်/ဆက်)