မိုးညိုမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်

မိုးညို ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ - ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ယိမ်းအကများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာန၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအပါအဝင် မြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ယိမ်းအဖွဲ့(၁၄)ဖွဲ့က သက်ဆိုင်ရာနေရာများတွင် လေ့ကျင့်ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟို‌ရေကစားမဏ္ဍပ်ကို မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ ဇောတိကရပ်ကွက်နှင့် ရွှေဥဒေါင်းရပ်ကွက်အကြားရှိ လမ်းဆုံတွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ကို ဗဟိုရေကစားမဏ္ဍပ်၏ ဘေးနှစ်ဖက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

သင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးလုပ်ငန်းကော်မတီအသီးသီးမှ ဗဟိုမဏ္ဍပ်တည်ဆောက်ရေး၊ လုံခြုံရေး၊ ယိမ်းအဖွဲ့များဖြင့်ဖျော်ဖြေရေး၊ အခမ်းအနားပြင်ဆင်ဆောင်ရွက်ရေး၊ စတုဒိသာကျွေးမွေးရေး၊ သက်ကြီးပူဇော်ပွဲ၊ ငါးလွှတ်ပွဲနှင့် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးတို့အတွက် အဖွဲ့အသီးသီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)