ဂန့်ဂေါ ဧပြီ ၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ အပူရှောင်စခန်းကို သာသနာ့ဗိမာန်တော်ကြီးအောက်ထပ်တွင် ကြိုတင်ပြင်ဆောင်ရွက်ထားရှိရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များက အပူရှောင်စခန်းဖွင့်လှစ်ထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ဂန့်ဂေါမြို့သည် အပူပိုင်းဒေသအတွင်းကျရောက်ပြီး အပူချိန် ၄၁ ဒီဂရီရှိသောကြောင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ သတိလစ်ခြင်းလက္ခဏာများ ဖြစ်ပေါ်လာပါက အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆောင်ရွက်ထားရှိပြီး အပူရှောင်လာသူများအတွက် ရေ၊ လျှပ်စစ်မီး၊ ပန်ကာ၊ သောက်ရေသန့်နှင့် နေရာထိုင်ခင်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း သိရသည်။
သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အပူရှောင်လာရောက်လိုပါက ဒေသတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့နှင့် ဆက်သွယ်ကာ လာရောက်အပူရှောင်နိုင်ကြောင်းနှင့် အပူရှောင်လာရောက်သူများကို အာဟာရဒါနများကျွေးမွေးနိုင်ရေး စီစဉ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
မျိုးမင်း(ပြန်/ဆက်)