(၈၃)နှစ်မြောက် ကရင်အမျိုးသားအောင်ပွဲနေ့ နတ်တလင်းမြို့နယ်တွင် ကျင်းပ

နတ်တလင်း  ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် (၈၃)နှစ်မြောက် ကရင်အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို တံခွန်တိုင် ကျေးရွာ အုပ်စု တံခွန်တိုင်ကျေးရွာအနောက်ခြမ်း ကရင်တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာ၌ ယမန်နေ့က ကျင်းပပြုလုပ်သည်။

နံနက် ၆ နာရီအချိန်တွင် ကရင်မျိုးသားအလံတော်ကို လွှင့်ထူပြီးနောက် နံနက် ၁၀ နာရီအချိန်တွင် ပင့်ဖိတ်ထားသော သံဃာတော်များ ရွာဦး ဘုန်းတော်ကြီး ကျောင်းမှ သီလရှင်ဆရာကြီး ဆရာလေးများအား ဝတ္တုငွေနှင့် လှူဘွယ်ဝတ္တုများ လှူဒါန်းပြီးနောက် ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ပြီး ဖိတ်ကြားထားသော ဌာနဆိုင်ရာများ ဧည့်သည်တော်များကိုလည်း ကျွေးမွေး ဧည့်ခံသည်။ နေ့လည်၂နာရီတွင် ကျေးရွာအတွင်းရှိ အသက် (၈၀) နှင့်အထက် ဘိုးဘွားများကို ငွေသား၊ စားသောက်ကုန်များဖြင့် အိမ်တိုင်ရာရောက် ပေးလှူကြသည်။ ကရင်အမျိုးသားနေ့ပွဲတော်ကို နတ်တလင်း မြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသား ကျေးရွာများတွင်လည်း ဆွမ်းဆက်ကပ်လှူဒါန်း​​ခြင်း သက်ကြီးပုဂ္ဂိုလ်များအား ကန်တော့ ခြင်းများဖြင့် ကျင်းပခဲ့ကြကြောင်း သိရသည်။

ဝင်းမြင့်(နတ်တလင်း)