ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် သစ်မျိုးစုံပျိုးပင်ပေါင်း   ၂၁၅၀၀၀  ပင် စိုက်ပျိုးမည်

ဘားအံ ဧပြီ ၃

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် သစ်မျိုးစုံပျိုးပင်ပေါင်း ၂၁၅၀၀၀ ပင်ကို စိုက်ပျိုးသွားရန် ပြည်နယ်သစ်တောဦးစီးဌာနမှ လျာထားဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာမြို့နယ်များအလိုက် ပျိုးခြံများဖြင့် ပျိုးပင်များပျိုး ထောင်ထားရှိရာ ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ဘားအံမြို့နယ်တောင်က လေးတိုးချဲ့ မြို့ပြအိမ်ရာစီမံကိန်းဧရိယာအတွင်းရှိ တောင်ကလေးအမြဲတမ်းပျိုးဥယျာဉ်တွင် ပျိုးပင်များပျိုးထောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

သစ်တော၊ သစ်ပင်များသည် လူသားနှင့်သတ္တဝါတို့၏ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည့် လေထု၊ ရေထု၊ မြေထု ညစ်ညမ်းမှုများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်သည့်အကျိုးကျေးဇူးများကို ရရှိနိုင်သည့်အတွက် မိုးရာသီတွင်လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးနိုင်ရေးအတွက် တောင်ကလေး အမြဲတမ်းပျိုးဥယျာဉ်တွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပိတောက်၊ စိန်ပန်း၊ ပျဉ်းမ၊ မအူ၊ သပြေ၊ ရေတမာ၊ ခရေ ပျိုးပင်ပေါင်း ၈၀၀၀၀(ရှစ်သောင်း)ပင်ပျိုးထောင်ထားရှိမှုကို ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးရာ ပြည်နယ်သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပျိုးပင်များပျိုးထောင်ထားရှိမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက မိုးရာသီတွင် ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသည့် အမြင့်(၂)ပေနှင့်အထက် ပျိုးပင်များရရှိနိုင်ရေး ပြုစုပျိုးထောင်ပေးကြရန်မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါပျိုးပင်များကို မိုးရာသီ သစ်ပင်စိုက်ပွဲတော်များတွင် စိုက်ပျိုးခြင်း၊ ဌာနဆိုင်ရာ/တပ်ရင်းတပ်ဖွဲ့များသို့ ဖြန့်ဝေစိုက်ပျိုးခြင်း၊ ပြည်သူ လူထုသို့ ဖြန့်ဝေစိုက်ပျိုးခြင်း၊ တစ်ရွာ(၂)ဧက ကျေးရွာ ထင်းစိုက်ခင်းစိုက်ပျိုးခြင်း၊ လမ်းဘေး ဝဲယာစိမ်းလန်းစိုပြေရေးစိုက်ပျိုးခြင်း နည်းလမ်းများဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ တောင်ကလေးတိုးချဲ့ မြို့ပြ အိမ်ရာ စီမံကိန်းဧရိယာအတွင်း ဘားအံခရိုင်သက်သေခံပစ္စည်းများစနစ်တကျထိန်းသိမ်းထားရှိနိုင်ရေး လျာထားမြေနေရာ၌ အဆောက်အဦများ ဆောက်လုပ်မည့်အစီအစဉ်များကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး မောင်မောင်ဦးက မြေဧရိယာ ၂ ဧကအတွင်း  ဂိုဒေါင်များ၊ ရုံးနှင့်လုံခြုံရေးအဆောက်အဦများတည်ဆောက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)