မင်းဘူး ဧပြီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့်ကိုက်ညီသည့် သင်္ကြန်ပွဲတော်ဖြစ်စေရေးနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရန် ဗဟိုမဏ္ဍပ်အား အလျား ၆၀ ပေ၊ အနံပေ ၄၀ ဖြင့် မင်းဘူး-စကုလမ်းဘေး ဦဩဘာသခန်းမရှေ့၌ ဆောက်လုပ်ပြီး စက်သုံးဆီချွေတာခြင်းအားဖြင့် လမ်းလျှောက်သင်္ကြန်ကိုလည်း ပြုလုပ်ပေးသွားမှာဖြစ်ကာ မိဘပြည်သူများ အားလုံးပါဝင်ရေကစားနိုင်ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား နှစ်စဉ်နှစ်တိုင်းထက် ပိုမိုထူးခြားစေရန် သာကူ၊ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ်၊ အအေးမျိုးစုံဖြင့် စတုဒိသာကျွေးမွေးမည့် အစီအစဉ်များအပြင် ယိမ်းအကပြိုင်ပွဲဝင်များနှင့် ဖျော်ဖြေရေးယိမ်းအကအဖွဲ့များ၊ တပင်တိုင်အကများ ဒေသခံခေတ်ပေါ်တေးဂီတ အဆိုတော်များဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကာ နှစ်သစ်တွင် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းသာယာရေးအတွက် နှစ်ဆန်း(၁)ရက်နေ့တွင် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးပူဇော်ခြင်း၊ မြို့တွင်းလှည့်လည်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)