ညောင်လေးပင်မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင်သုံးဦး ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး ရဲစခန်းအား အသွားအလာ ကန့်သတ်

ညောင်လေးပင်  ဇန်နဝါရီ  ၁၄

ညောင်လေးပင်မြို့နယ် ရဲတပ်ဖွဲ့တွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် (၃)ဦ:အား  ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသဖြင့် ညောင်လေးပင် ရဲစခန်းအား  အသွားအလာ ကန့်သတ်ထားကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အသက်၃၀နှစ်ခန့်ရှိ ဒုတပ်ကြပ်ရဲမေတစ်ဦးသည် ဇန်နဝါရီလ(၁၂) ရက်နေ့ ညနေပိုင်းတွင် ဖျားပြီးအနံ့မရသဖြင့် မြို့နယ် ဆေးရုံသို့ ဆက်သွယ်အကြောင်းကြားခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီလ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ညောင်လေးပင်မြို့မရဲစခန်းရှိ ရဲများ၊ ထိစပ်သူများ စုစုပေါင်း (၈၁)ဦးအား စစ်ဆေးရာမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်သားတစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသည့် ဒုတပ်ကြပ်ရဲမေသည် (၂.၁.၂၀၂၁) ရက်နေ့တွင် သနပ်ပင်မြို့သို့ မြို့နယ်မှူးနှင့်အတူ အမှုတစ်ခု စစ်ဆေးရန် သွားရောက်ခဲ့သည့် ခရီးသွား ရာဇဝင်ရှိသူဖြစ်ကြောင်း ညောင်လေးပင်ရဲစခန်းအား Lock Down ပြုလုပ်မည် ဖြစ်ပြီး တပ်ဖွဲ့ဝင်‌များ၊ ထိစပ် သူများအား ဒုတိယအကြိမ် ထပ်မံစစ်ဆေးပေးသွားမည် ဖြစ်သည်။

ရဲစခန်းလော့ဒေါင်းချခြင်းနှင့် ပတ်သက်၍ မြို့နယ်ကိုဗစ်ကော်မတီနှင့် တိုင်ပင်ဆွေးနွေးကာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်‌ပြီး အတည်ပြု လူနာနှင့် ထိစပ်သူများအား ဆက်လက်ဖော် ထုတ်ကာ လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု  မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဒန်ဦးက ပြောကြားသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်သားအား မြို့နယ်ပြည်သူ့ဆေးရုံတွင် လည်းကောင်း၊ ဒုတပ်ကြပ် ရဲမေအား မြို့နယ် တိုင်းရင်းဆေးရုံတွင် လည်းကောင်း၊ ကုသမှုပေးသွားမည်ဖြစ်ပြီး ညောင်လေးပင် မြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်အတည်ပြုလူနာ ၂၂၇ ဦး ရှိကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

သက်လွင် (ညောင်လေးပင်)