ဘိုကလေး ဧပြီ ၃
မီးလောင်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးတားဆီးကာကွယ်နိုင်စေရေးတို့ကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့ညနေ (၃) နာရီခွဲ၌ စည်ပင်သာယာရေးအဖွဲ့ပိုင် ဘိုကလေး မြို့မဈေးကြီးရှေ့တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်ညွန့်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဈေးသူဈေးသားများတက်ရောက်ကြပြီး မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးထွန်းအောင်က မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ရှားရမည့် အချက်များအား အသိပညာပေးဟောပြော၍ ဂက်(စ်)မီးဖိုကြောင့် မီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်နည်း၊ လောင်စာဆီကြောင့် လောင်ကျွမ်းသောမီးအား ငြှိမ်းသတ်နည်း၊ ရေစိုမီးငြှိမ်းသတ်နည်းတို့ကို သရုပ်ပြဆောင်ရွက်ခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ဈေးသူဈေးသားများအား လက်တွေ့မီးငြှိမ်းသတ်စေခဲ့ကြောင်း သိရသည်။
မိုးစက်