နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

နတ်မောက် ဧပြီ ၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား/သူ များအားလပ်ရက်တွင်အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကလေးငယ်များ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ လူအများရှေ့တွင် ပြောဆိုဆက်ဆံရာ၌ ရဲဝံ့စွန့်စားသည့် စိတ်ဓာတ်များရှိလာစေရန်၊ စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပရာ တက်ရောက်လာကြသည့် ကျောင်းသား/သူများက မိမိတို့နှစ်သက်ရာပုံပြင်များကို ကိုယ်ဟန်အမှုအရာအပြည့်အစုံဖြင့် ယှဉ်ပြိုင်ပြောဆိုခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသားမိဘများနှင့်ကလေးငယ်များက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှဝင်း