ကန့်ဘလူမြို့၌ အခြေခံပန်းချီသင်တန်းနှင့် အင်္ဂလိပ်စာ Grammar သင်တန်းဖွင့်လှစ်

ကန့်ဘလူ ဧပြီ ၃

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အခြေခံပန်းချီသင်တန်းနှင့်အင်္ဂလိပ်စာ Grammar သင်တန်းကို ဧပြီ ၁ ရက်နံနက်ပိုင်းက ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်ပညာရေးမှူး ဒေါ်စုစုဌေးက သင်တန်းမှ သင်ကြားပေးသည်များကို မိမိတို့အတွက် ပြန်လည်အသုံးချနိုင်အောင် ကြိုးစားသင်ယူကြရန် ပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးစိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် သင်တန်းများကို ဆက်လက်သင်ကြားပို့ချခဲ့သည်။

အဆိုပါသင်တန်းများတွင် အခြေခံပန်းချီသင်တန်း၌ အလယ်တန်းဆင့် ကျောင်းသား ကျောင်းသူ ၅၀ ဦး၊ အင်္ဂလိပ်စာ Grammar သင်တန်းတွင် အထက်တန်းဆင့် ကျောင်းသားကျောင်းသူ ၃၀ ဦးတက်ရောက်၍ ဧပြီ ၁ ရက်မှ ၁၀ ရက်ထိ ပန်းချီဆရာကြီး တစ်ဦးနှင့်အင်္ဂလိပ်စာ ဆရာ ဆရာမ ခြောက်ဦးတို့က သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် ကန့်ဘလူမြို့ပေါ်ရှိ အခြေခံပညာကျောင်း ခြောက်ကျောင်းတွင်လည်း ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်းများ တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)