မြိတ် ဧပြီ ၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂ဝ၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ(၃)ရက် နံနက်(၁ဝ)နာရီက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် သရုပ်ပျက် အမြင်မတင့်တယ်မှုများမရှိအောင် ဆောင်ရွက်ကြရန်ကြောင်း၊ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပြည်သူများ ပျော်ရွင်ချမ်းမြေ့စွာဆင်နွှဲနိုင်ရေး ကော်မတီအလိုက် စီစဉ်ဆောင်ရွက်ကြရန်နှင့် စနစ်တကျ ပေါင်းစပ်ဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီများမှကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ သင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌမှ မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ပေးကြရန် နိဂုံးချုပ်အမှာစကားပြောကြားသည်။
မြိတ်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်နှင့်အတူ ဖျော်ဖြေရေးမဏ္ဍပ်(၅)ခု၊ ရေကစားမဏ္ဍပ်များနှင့် စတုဒီတာမဏ္ဍပ်များဖြင့် သင်္ကြန်ပွဲတော်ကို ဖျော်ဖြေရေးအစီအစဉ်များနှင့် ရေကစားခြင်းဖြင့် ပြည်သူများ ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ကိုလည်း နေရာ(၂)နေရာတွင် ဆောင်ရွက်သွားမည်ဖြစ်သည်။
၁၃၈၇ ခုနှစ် မြိတ်မြို့၏ မဟာသင်္ကြန်ပွဲတော်ကို သင်္ကြန်ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွတေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ ရေကစားခြင်းဖြင့် အေးချမ်းပျော်ရွှင်စွာ ကျင်းပသွားမည်ဖြစ်ပြီး ဇီဝိတဒါန ငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)