နတ်မောက် ဧပြီ ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အပူဒဏ်အန္တရာယ်မှ ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတများတိုးပွားစေရန် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့မရပ်ကွက်ဘုန်းတော်ကြီးကျောင်းရှိ အပူရှောင်စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက အပူရှောင်စခန်း ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်းက အပူချိန်မြင့်မားချိန်တွင် လိုက်နာရမည့်နေထိုင်မှုပုံစံများ၊ ရေများများသောက်ရန်၊ နွေရာသီတွင်ဖြစ်ပွားတတ်သော လေပြင်းတိုက်ခိုက်ခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အပူဒဏ်ကြောင့် ဖြစ်ပွားတတ်သော ရောဂါများအကြောင်းနှင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များကို အထူးဂရုစိုက်စောင့်ရှောက်ရန်နည်းလမ်းများ စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အပူရောင်စခန်းတွင် မိဘပြည်သူများအား အပူဒဏ်ကာကွယ်စေရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အအေးဖျော်ရည်နှင့် ယပ်တောင်များဝေငှ၍ သောက်ရေများစီစဥ်ပေးခြင်းတို့ကို မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့ပေါ်ရှိဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှဝင်း