စလင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကအလှ (၁၂)ယိမ်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

စလင်း ဧပြီ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ - ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင်  လမ်းလျှောက်သင်္ကြန်ထည့်သွင်း၍ ယိမ်းအကအလှ(၁၂)ယိမ်းတို့ဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ မြက်နှာစာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။

မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက်၊ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်  တည်ဆောက်ရေးလုပ်ငန်းများ၊ လမ်းလျှောက်သင်္ကြန်ပြင်ဆင်ရေးလုပ်ငန်း၊ သင်္ကြန်ရေရရှိရေး စသည့်ကဏ္ဍအသီးသီးတို့ကို တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ယိမ်းအကများကို ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များရှိ ယိမ်းအဖွဲ့(၁၂)ယိမ်းတို့မှ သက်ဆိုင်ရာနေရာများတွင် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဟာသင်္ကြန်ရက်များတွင် ဗဟိုမဏ္ဍပ်၌ နေ့စဉ်ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများ၊ တေးဂီတဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာ ဧည့်ခံကျွေးမွေးရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ၊ ကျင်းပမည်ဖြစ်၍၊ ရေကစားသူပြည်သူများ၊ ဗဟိုမဏ္ဍပ်နှင့်အထွေထွေအုပ်ချုပ်ရေး ရုံးဝန်းအတွင်းနှင့် ရုံးပတ်ဝန်းကျင်နေရာတို့တွင် လမ်းလျှောက်သင်္ကြန်အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

မောင်လွင်(စလင်း)