ချောက်မြို့နယ် အပူရှောင်စခန်းအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ကြည့်ရှုစစ်ဆေး

ချောက် ဧပြီ ၃

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ထိခိုက်လွယ်သူများ (သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ)အပူရှောင်နိုင်​ရေး၊ အပူဒဏ်မှ ကာကွယ်နိုင်ရေးအတွက် အမှတ်(၁၁)ရပ်ကွက် ​မြို့လယ်သာသနာ့ဗိမာန်တွင် အပူရှောင်စခန်းအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်က ယ‌မန်နေ့နံနက် ၉ နာရီအချိန် ကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အပူရှောင်လာသည့် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များအား စလင်းပရိယတ္တိစာသင်တိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တကေသဝမှ သီလ​ပေးတရားများချီးမြင့်​ပေးခဲ့​ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက အပူဒဏ်အန္တရာယ်အကြောင်း အသိပညာပေးခြင်းများနှင့် အပူဒဏ်အန္တရာယ် ကာကွယ်‌ရေးလိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အပူရှောင်လာသူများအား ရွိင်ရယ်ဒီများ၊‌  ရေသန့်များနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့သည်။

ထိုသို့ အပူရှောင်လာသူများအား မြို့နယ်ကျန်းမာရေးဌာနမှ ဘိုးဘွားများအားဆီးချို၊ သွေးချိုစစ်ပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေး စစ်ဆေး၍ တိုင်းရင်းဆေးများအခမဲ့ပေးအပ်​ခြင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အပူရှောင်စခန်းအတွက် သောက်ရေသန့်၊ ယပ်တောင်များအသင့်စီစဥ်ဆောင်ရွက်ထားရှိ​ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အပူရှောင်စခန်းကို ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးမိုး‌ဇော်နိုင် လမ်းညွှန်မှုဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင် ကြီးကြပ်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

အပူရှောင်စခန်းကို အပူချိန်မြင့်မားနေသည့် ကာလတစ်လျှောက် မတ်လ ၁၆ ရက်နေ့ စတင်ခဲ့ရာ ဧပြီလ ၁၄ ရက်နေ့အထိ နေ့စဉ်နံနက်၁၀နာရီမှ အပူချိန်လျော့ကျသည့် ညနေ ၅ နာရီအချိန်အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ယနေ့ အပူရှောင်စခန်းဖွင့်လှစ်သည့် နံနက်ပိုင်းတွင် အပူရှောင်လာသူ​ ၅၅ ဦးရှိကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)