ဂန့်ဂေါမြို့နယ်တွင် မွေးစမှအသက်ငါးနှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေး

ဂန့်ဂေါ ဧပြီ ၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ကလေးသူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလ(၁)ရက်နေ့ နံနက်(၈)နာရီမှစတင်၍ မွေးစမှအသက်ငါးနှစ် အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးခြင်းများကို ဂန့်ဂေါခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်ပေးလျက်ရှိသည်။

ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးရာတွင် မွေးစမှ အသက်ငါးနှစ်အောက်ကလေးငယ်များကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး၊ ပိုလီယိုအကြောသေကာကွယ်ဆေး (သောက်ဆေး/ထိုးဆေး)၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုး ကာကွယ်၊ ငါးမျိုးစပ်ကာကွယ်ဆေးများကို ကလေးများ၏အသက်အရွယ်အလိုက် သတ်မှတ်အကြိမ်အတိုင်း ထိုးနှံ/ တိုက်ကျွေးပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးရာသို့ ဧပြီလ(၁)ရက်နေ့တွင် ဂန့်ဂေါမြို့ပေါ်(၄)ရက်ကွက်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၊ ထီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကလေးငယ်ပေါင်း (၁၁၆)ဦးကို ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းကို ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုအပေါ် ခရိုင်ကျန်းမာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်း ဦးဆောင်သည့် ကျန်းမာရေးဌာနမှဝန်ထမ်းများက မွေးစမှအသက်ငါးနှစ်အောက်ကလေးငယ်များကို ဧပြီလ(၁)ရက်နေ့မှ (၅)ရက်နေ့အထိ နံနက် ၈ နာရီမှ ၁၂ နာရီထိ၊ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ/တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း