ကော့သောင်း ဧပြီ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် (၅)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲရုံးများတွင် လစဉ်ပထမပတ်အတွင်း သတ်မှတ်ရက်အလိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲရုံးများမှ ဆရာ၊ ဆရာမများက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ရုံးများတွင် မွေးကင်းစ (၂)လအရွယ်မှ စ၍ (၅)နှစ်အောက်ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် ဘီစီဂျီ၊ အသည်းရောင် အသားဝါဘီ၊ ပိုလီယို သောက်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး၊ (ဆုံဆို့-ကြက်ညှာ -မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင်) ငါးမျိုးစပ်ရောဂါကာကွယ်ဆေး၊ (ဝက်သက်၊ဂျိုက်သိုး) ဂျပန်ဦးနှောက်ရောင်ရောဂါ၊ပိုလီယိုထိုးဆေးများ ထိုးနှံ/တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့-မေးခိုင် ကာကွယ်ဆေးထိုးနှံခြင်းနှင့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများအလိုက် ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသဆိုင်ရာပိုလီယိုပပျောက်ရေးအရာရှိ ဒေါ်သူဇာဆွေနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ လှည့်လည်စစ်ဆေးခြင်းနှင့်ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများအား စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)