ပုသိမ်မြို့ Lockdown ချထားသော နေရာ(၄)နေရာသို့ စားသောက်ကုန်များ ထောက်ပံ့ကူညီပေး

ပုသိမ်  ဇန်နဝါရီ  ၁၄

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု များပြားလာသဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ Lockdown ပြုလုပ်ထားသော ပုသိမ်မြို့နယ်ရှိ တဂေါင်းဘုရား (အတွင်းချောင်လမ်း)၊ ငုဝါ(၃)လမ်းရှိ အဆောင်တစ်ဆောင်၊ ရွှေဘုံသာဘုရားလမ်းရှိ နေအိမ်များ၊ ဒုံကွင်းတိုးချဲ့(၃)လမ်းစသည့် နေရာ(၄)နေရာကို ယမန်နေ့ ညနေပိုင်းက လှူဒါန်းထားသော ဆရာဝန်ကြီးများ၊ အလှူရှင် မိဘပြည်သူများတို့၏ ကိုယ်စား စားသောက် ကုန်များကို သွားရောက် လှူဒါန်းခဲ့ကြသည်။

အဆိုပါ ၄ နေရာတွင် အိမ်ထောင်စု ၇၈ စုအတွက်တန်ဖိုး ၁၈ သိန်းကျော်ဖိုးရှိဆန် ၂၁ အိတ်၊ ကြက်သွန်နီ ၃ အိတ်၊ ကြက်သွန်ဖြူ ၂ အိတ်၊ဆီ ၂၀ ပိသာ၊ ခေါက်ဆွဲခြောက် ၁၂ ဖါ၊ အချိုမှုန့်အထုပ်ကြီး ၅ ထုပ်၊ ငြုပ်သီးခြောက် တစ်အိတ်၊ ကုလားပဲ ၂ အိတ်၊ အာလူး ၃ အိတ်စသည့် စားသောက်ကုန် ပစ္စည်းများကို လမင်းတစ်ရာ ဘက်စုံပရဟိတ ဆရာတော်၊ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်၊ ဒေါက်တာသွင်အောင်၊ ဦးဇော်ဇော်နှင့် ဘက်စုံလူမှုကူညီရေးအဖွဲ့တို့မှ သွားရောက် လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)