နတ်မောက် ဧပြီ ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ရှည်အတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အင်္ဂလိပ်စာအသံထွက်များမှန်ကန်စေရန်နှင့် လူအများရှေ့တွင်ရဲဝံ့စွာပြောဆိုဖတ်ကြားနိုင်သည့် သတ္တိများမွေးမြူပေးနိုင်ရန်အတွက် ယခုကဲ့သို့ပြိုင်ပွဲများကို စီစဥ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသည့် ကျောင်းသား/သူလေးများက သတ်မှတ်ထားသည့် အင်္ဂလိပ်စာပိုဒ်တိုများနှင့် ပုံပြင်များကိုဖတ်ကြား ယှဥ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲသို့ ကျောင်းသားမိဘများနှင့် စာပေဝါသနာရှင်များတက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း